Twitter Delicious Facebook Digg Stumbleupon Favorites More

ကရင်နီအမျိုးသား

အမျိုးသားနေ့အကြောင်း တစေ့တစောင်း

၂၀၁၁

ကရင်နီသမိုင်းကြောင်းအရ လွန်ခဲ့တဲ့ BC ၇၃၉ နောက်ပိုင်းလောက်မှာ ကရင်နီအမျိုးသားတို့ကို နှစ်တစ်ရာတိုင် ကျွန်အဖြစ် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ ယွန်းတွေကို အမျိုးသားစုစည်းညီညွတ်မှုနဲ့ တွန်းလှန်တိုက်ထုတ်နိုင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာဘဲ ကရင်နီအမျိုးသားနေ့ ဖြစ်ပေါ်လာတယ်လို့ဆိုရမှာပါ။

ကရင်နီအမျိုးသားနေ့ ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ယခု ဇွန်လ ၂၁ ရက်နေ့ ထိုင်း-မြန်မာနယ်စပ်မှာကျင်းပပြုလုပ်တဲ့ ၁၃၆ နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီက ယခုလိုရှင်းပြပါတယ်။

“မင်းတုန်းမင်းခေတ်မှာတော့ ကရင်နီနယ်မြေကိုသိမ်းမယ် တကဲကဲလုပ်လာကြတယ်။ နောက်တော့ ဗြိတိသျှနဲ့ထိပ်တိုက် ပြဿနာကို မရင်ဆိုင်ရအောင်ဆိုတဲ့အနေနဲ့ ဆိုတော့ သဘောက ကရင်နီကို ကြားနေနိုင်ငံပုံစံမျိုးရှိပြီးတော့ ကရင်နီနဲ့ လွတ်လွတ်လပ်လပ်နေဖို့။ ကျနော်တို့ ဘယ်အဖွဲ့အစည်းကမှ ၀င်ရောက်ချုပ်ချယ်ချင်တာ မရှိဖို့ဆိုတဲ့အနေနဲ့ သက္ကရာစ် ၁၈၇၅ခု ဇွန်လ ၂၁ ရက်နေ့ ဒီလိုနေ့အချိန်အခါမှာ ဗြိတိသျှနဲ့ အင်းဝဘုရင်က သဘောတူညီချက်အရ ဗြိတိသျှကိုယ်စားလှယ် ဆာ ဒေါက္ကလပ်(စ်)ဖေါ်ဆသ် (The Honorable Sir Douglas Forsyth C.B, K.C.S.I, Envoy - အိန္ဒိယဘုရင်ခံချုပ်ရဲ့ ကိုယ်စားလှယ် သံတမန် အဖြစ်ဖြင့်၎င်း) ဗမာဘက်မှာဆိုရင် ဗမာဘုရင် ကင်းဝန်မင်းကြီးက ဗမာပြည်ကိုယ်စားပြုပြီးတော့ ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်ဖြစ်တယ်ဆိုတာ... အသိအမှတ်ပြုတယ်။ လက်မှတ်ထိုးတယ်။”
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ဒု-ဥက္ကဌ အေဘယ်တွိက အခမ်းအနားကို တက်ရောက်လာတဲ့ လူအယောက် ၄ ထောင်ကျော်ရှေ့မှောက်မှာ ဟောပြောခဲ့တာပါ။

ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်အဖြစ် အင်္ဂလိပ်နဲ့ ဗမာဘုရင်တို့ အသိအမှတ်ပြုပြီးချိန်မှာပဲ ကရင်နီပြည်ထဲမှာ ချထားတဲ့ မြန်မာစစ်တပ်များကို ပြန်လည် ရုတ်သိမ်းပေးခဲ့ပါတယ်။

ကရင်နီအမျိုးသားနေ့ဟာ သီးခြားလွတ်လပ်တဲ့ပြည်တစ်ပြည်အဖြစ် အသိအမှတ်ပြုခံထားရတဲ့ နေ့တစ်နေ့လည်းဖြစ်တဲ့အတွက် ကရင်နီအမျိုးသားတစ်ရပ်လုံးက အဲဒီနေ့ကို အထွဋ်အထိပ်ထားကြပါတယ်။ ဒါပေမယ့် မြန်မာပြည် စစ်အစိုးရအဆက်ဆက် လက်ထက်မှာတော့ ကရင်နီအမျိုးသားနေ့ကို အသိအမှတ်မပြုဘဲ ပိတ်ပင်တားမြစ်ထားခဲ့ကြပါတယ်။

“ဒီနေ့ ဇွန်လ ၂၁ ရက်နေ့မှာ ကျင်းပတဲ့ ကရင်နီအမျိုးသားနေ့ဟာ ဗမာလုံးဝ အသိအမှတ်မပြုဘူး။ ဗမာလုံးဝလက်မခံဘူး။ အဲဒါကြောင့်မို့လို့ ကျနော် ဒီစကားကိုပြောရင် ဗမာကိုတော်တော်ထိခိုက်တယ်။ သမိုင်းအရ ပြန်ထောက်လို့ရှိရင် ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်ဖြစ်တယ်ဆိုတာ ဒါသက်သေ။ သက်သေပြခြင်းဖြစ်တဲ့အတွက်ကြောင့် ဗမာအစိုးရအဆက်ဆက်ဟာ လုံးဝ ဇွန်လ ၂၁ ရက်နေ့ကို သူတို့စာရင်းထဲမှာမထည့်ဘူး” လို့ အေဘယ်တွိက ဆက်ပြီးရှင်းပြသွားပါတယ်။

မြန်မာပြည် စစ်တပ်အာဏာရှင်အစိုးရ အဆက်ဆက် တော်လှန်တိုက်ခိုက်နေကြတဲ့ ကရင်နီတော်လှန်ရေးအုပ်စုတွေကသာ မိမိတို့ရောက်လေရာ အရပ်ဒေသမှာဘဲ အမျိုးသားနေ့ကို လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရကြတာပါ။

၂၀၁၀ ရွေးကောက်ပွဲရလဒ်မှ တက်လာတဲ့ အစိုးရသစ်လက်ထက်မှာလည်း ကရင်နီအမျိုးသားနေ့ကို ပြည်တွင်းမှာ ကျင်းပခွင့်ပေးတာမတွေ့ရပါဘူး။

“အနောက်ဘက်ကမ်းမှာတော့ (မြန်မာ) လွတ်လပ်ရေးနေ့ တက်ဖူးတယ်။ တိုင်းရင်းသားဝတ်စုံတွေနဲ့ တက်ဖူးတယ်။ ကရင်နီအမျိုးသားနေ့ကိုတော့ အနောက်ဘက်ကမ်းမှာ မတက်ဖူးဘူး။ ဒီ ၂၀၁၀ ခုနှစ် ၇ လပိုင်း၊ ၁၇ ရက်နေ့မှာ ဒီဒုက္ခသည်စခန်းရောက်မှ ကရင်နီအမျိုးသားနေ့ကျင်းပတယ်။ ဒီဒုက္ခသည်စခန်းရောက်မှ ကရင်နီအမျိုးသားနေ့ကျင်းပတယ်။ စာမေးပွဲမှာလည်း မေးဖူးတယ်။ ဒီတခေါက်တော့ ကိုယ်တိုင်တက်ရောက်ဖူးတယ်ပေါ့” လို့ ကျောင်းသူတစ်ဦးဖြစ်တဲ့ မော်ဌေးမြာက ပြောပြသွားတာပါ။
ကရင်နီမျိုးနွယ်စုများ

ကျွန်ဘ၀၊ ကိုယ့်မင်းကိုယ့်ချင်းနဲ့ သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်

ကွယ်လွန်သွားသူ ကရင်နီအမျိုးသားခေါင်းဆောင် ဆရာကြီးထဲဘူးဖဲ ရေးသားပြုစုခဲ့တဲ့ ကရင်နီအမျိုးသားနေ့ သမိုင်းကြောင်းအရ ကရင်နီအမျိုးသားနေ့ကို ပြန်လည်အောက်မေ့တဲ့အခါမှာ တချိန်က ကရင်နီအမျိုးသားတွေကို ကျွန်အဖြစ်နှစ်ပေါင်းတစ်ရာတိုင် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ ယွန်းတွေကို တွန်းလှန်တိုက်ထုတ်နိုင်ခဲ့တဲ့ ဖြစ်ရပ်ကို မမေ့ထားဖို့ အရေးကြီးကြောင်း ရေးသားထောက်ပြထားပါတယ်။

“ကျနော်တို့ ကရင်နီလူမျိုးတွင်ဟာ ကယား၊ ကယန်း၊ ကယော၊ မနု၊ မနော၊ ပကူး၊ ယင်းဘော်၊ ယင်းတလဲ စတဲ့ ကရင်နီလူမျိုးစုတွေအားလုံးဟာ ဆိုလို့ရှိရင် မွန်ဂိုးလီးယားကနေ ဆင်းလာပြီးတော့မှ ဒီးမော့ဆို မှာလာပြီး အခြေချ နေထိုင်လာခဲ့ကြတာပါ။ ရှေ့ကဆိုလိုရှိရင် ဒီးမော့ဆိုပြည်လို့လည်း ခေါ်ခဲ့ကြပါတယ်။ အဲမှာ မကြာခင်မှာ ယွန်းဆိုတဲ့လူမျိုးဟာ အခုလက်ရှိပြောရရင် လော မှာရှိတဲ့ ယွန်းမျိုးတွေလည်း ဖြစ်နိုင်တယ်။ ကမ်ဘောဒီးယားမှာရှိနေတဲ့ ယွန်းလည်း ဖြစ်နိုင်တယ်။ ထိုင်း မှာရှိနေတဲ့ယွန်းတွေလည်း ဖြစ်နိုင်တယ်။ အဲဒီယွန်းတွေက ကျနော်တို့ ကရင်နီလူမျိုးတွေ တည်ရှိနေတဲ့ ဒီးမော့ဆိုပြည်ကို ဝင်ရောက် သိမ်းပိုက်ပြီး ဒီးမော့ဆိုပြည်ကို ယခု လူသိများတဲ့ ငွေတောင်မှာဆို ယွန်းတွေနေထိုင်လာခဲ့တဲ့နေရာတွေပါ။ အဲမှာ နှစ်ပေါင်း ၁၀၀ လာရောက်နေထိုင်ပြီး အုပ်ချုပ်လာခဲ့တယ်။ ပြီးတော့ ဒီယွန်းလူမျိုးတွေဟာ ဖားစည်၊ နွားလည်းဘီး၊ ထွန်စတဲ့ အခုကျနော်တို့ အသုံးပြုနေတဲ့ ဟာတွေက သူတို့ အဲဒီငွေတောင်မှာပဲ ထုတ်လုပ်ခဲ့တာပါ။ နောက်ပြီး ကရင်နီလူမျိုးစုတွေအားလုံး စည်းလုံးညီညွတ်မှုကြောင့် ဒီယွန်းတွေကို ပြန်လည် တိုက်ထုတ်နိုင်ခဲ့ပြီးတဲ့နောက်ပိုင်း ကျနော်တို့ ကရင်နီလူမျိုးတွေက စောဖျာတွေနဲ့ ပြန်ပြီးအုပ်ချုပ်တယ်။ ဒီ ယွန်းတွေကို တိုက်ထုတ်နိုင်ခဲ့တဲ့အချိန်မှာဆိုလို့ရှိရင် ယွန်းလူမျိုးတွေက သူတို့ အကုန်ပြန်ကုန်ကြတယ်လို့ အဖိုးအဖွားတွေတချို့ဆီက သူတို့ပြောတယ်။ ဘာဖြစ်လဲဆိုတော့ အဲဒီယွန်းတွေက သူတို့ တတ်တဲ့ လက်မှုပညာတွေက ကျနော်တို့ ကရင်နီလူမျိုးတွေက ဒီလက်မှု ပညာတွေကို သူတို့ မလုပ်တတ်တဲ့အခါ ကြတော့ ယွန်းတွေကို တချို့ပြန်ခေါ်ထားလို့ ပြောကြပါတယ်။”
ကေအဲန်ပီပီ အတွင်းရေးမှူး ခူးဦးရယ်က ကရင်နီအမျိုးသားတွေကို ယွန်းလူမျိုးတွေ အုပ်ချုပ်ကွပ်ကဲခဲ့ဖူးတဲ့အကြောင်းကို ရှင်းပြသွားတာပါ။

ယွန်းတွေကို တိုက်ထုတ်နိုင်ပြီးတဲ့နောက်မှာ ကရင်နီပြည်ကို ကိုယ့်မင်း၊ ကိုယ့်ချင်းတွေဖြစ်တဲ့ စောဖျာတွေနဲ့ အုပ်ချုပ်ပါတယ်။ ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်ဖြစ်ရခြင်းဟာ စောဖျာတွေရဲ့ အမြော်အမြင်ကြောင့်လည်း ဖြစ်တယ်လို့ သမိုင်းမှာ တွေ့ခဲ့ပါတယ်။

“အနောက် ကေးဖိုးဒူရဲ့ အမြော်အမြင်အရ အိင်္ဂလိပ်နဲ့ မဟာမိတ်ဖွဲ့တယ်။ မဟာမိတ်အပေါ်မှာမှ တာဝန်ကျေပွန်တဲ့ အိင်္ဂလိပ်တို့မှ နယ်မြေတည်ရှိရေးနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးတယ်။ မဟာမိတ် ဆာ ဒေါက္ကလပ်(စ်)ဖေါ်ဆသ် (The Honorable Sir Douglas Forsyth C.B, K.C.S.I, Envoy) ကနေပြီးမှ သူက အိင်္ဂလိပ် အုပ်ချုပ်ရေး အရာရှိတစ်ယောက်ဖြစ်တယ်။ တောင်ငူမှာ သူတို့အခြေချတယ်။ နောက် သူ မန္တလေး နေပြည်တော်မှာ သွားတယ် ကြယ်ဖိုးကြီး (ကရင်နီစောဖျာ) တောင်းဆိုတဲ့ဟာကို အဆိုတင်သွင်းတယ်။ အဆိုတင်တဲ့အပေါ်မှာမှ ကရင်နီပြည်ဟာ သီးခြားလွတ်လပ်ရမယ် ဆိုတဲ့ ဟာက ဗမာ က လက်ခံပေးရမယ်လို့ ပြောတဲ့အခါတော့ ဗမာ ဘုရင်လည်း လက်ခံပေးလိုက်တဲ့အတွက်ကြောင့် သူတို့ နှစ်ဦးနှစ်ဘက်စလုံး လက်မှတ်ရေးထိုးလိုက်ကြတယ်”

ကရင်နီစောဖျာ မင်းမျိုးမင်းနွယ်လည်းဖြစ်၊ ကရင်နီသမိုင်းအကြောင်းတွေကိုလည်း စာအုပ်စာပေရေးသားပြုစုတဲ့ ခူးဘျားရယ်ပေါလူ က ရှင်းပြသွားတာဖြစ်ပါတယ်။



ကရင်နီမျိုးနွယ်စုတစ်စုနဲ့တစ်စု ကွဲရတဲ့ကိစ္စနဲ့ ပြန်စုစည်းလို့ရတဲ့ အခွင့်အလမ်း

ယခုခေတ်၊ ယခုလက်ရှိအခြေအနေအရ ကရင်နီအမျိုးသားနေ့အကြောင်းကို ပြောတဲ့အခါမှာ ကရင်နီပြည်ဟာ ဘာကြောင့် ကယားပြည်ဖြစ်သွားရလည်း ဆိုတဲ့အကြောင်းကို မဖြစ်မနေ သိထားဖို့လိုပါလိမ့်မယ်။

ယွန်းလူမျိုးတို့ရဲ့ အုပ်ချုပ်ကွပ်ကဲမှုအောက်ကနေ လွတ်မြောက်ပြီးတဲ့နှောက်မှာ ကရင်နီပြည်ကို ဈောဖျာများ(မင်းမျိုးများ)နဲ့ပြန်လည်အုပ်ချုပ်ခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ မြန်မာပြည် လွှတ်လပ်ရေးမရခင် ၈ ရက်နေ့အလွန်မှာ ကရင်နီစောဖျာတို့ရဲ့ ဆန္ဒမပါပဲ စောဝဏနဲ့ ဦးစိန်တို့ နှစ်ယောက်သား သဘောထားနဲ့ ကရင်နီပြည်ကို မြန်မာပြည်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ်ပါဝင်ရန် ဖဆပလအစိုးရထံ သွားရောက်တောင်းဆိုခဲ့တဲ့နောက်မှာဘဲ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ်တစ်ခုဖြစ်သွားခဲ့ရပါတယ်။

တဖန် ကရင်နီပြည်ဆိုတဲ့ အသုံးအနှုန်းကို ပယ်ဖျက်ပြီး ကယားပြည်အဖြစ်ပြောင်းလဲခေါ်ဆိုဖို့ ကရင်နီ ပြည်နယ် ကိုယ်စားလှယ် ဦးစိန်ကဘဲ ၁၉၅၀ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ အဆိုပြုချက်တင်သွင်းခဲ့တဲ့အတွက် ကရင်နီကနေ ကယားအဖြစ်သို့ ရောက်ရှိသွားပါတယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခွန်းမားရ်ကိုဘန်က ပြောပါတယ်။

“သူတို့ (ဦးစိန်နှင့် စောဝဏ)သွားတဲ့နေ့က ၁၉၄၇ ဒီဇာဘာလ ၂၇ ရက်နေ့ဖြစ်တယ်။ လွတ်လပ်ရေး (မြန်မာပြည်)ရတာ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့၊ လွတ်လပ်ရေးမရခင် ၈ ရက်ပဲ ဒါ ဦးမြင့်သိန်းကိုယ်တိုင်ရေးထားတဲ့ စာအုပ်ထဲမှာပါတယ်။ ဦးနုက ဦးမြင့်သိန်းကို ခေါ်ပြီးတော့မှ ဟာမရဘူး သီးခြားလွတ်လပ်တဲ့ နိုင်ငံဖြစ်တယ်။ စောဖျာဆန္ဒလည်း မပါဘူး။ လူထုဆန္ဒလည်း ပါတာလည်း မဟုတ်ဘူးလို့ ဦးမြင့်သိန်းက ပြောတယ်။ ဦးမြင့်သိန်းက ဥပဒေအရာရှိချုပ် ဥပဒေအရ ထည့်လို့မရဘူးလို့ ပြောတယ်။ ဒါပေမယ့် စောဝဏနဲ့ ဦးစိန်တို့က ထည့်ပေးပါ ကျနော်တို့က စောဖျာသား၊ လူထုကိုယ်စားလှယ်တွေပါ။ မကြိုက်ရင် ၁၀ နှစ် ခွဲထွက်ခွင့်ပေးပေါ့။ ရှမ်းပြည်နယ်လို ပြောတဲ့အတွက်ကြောင့် ထည့်လိုက်ပြီးတာ့မှ ၁၉၄၇ ဖွဲစည်းပုံ အခြေခံ ဥပဒေထဲမှာတော့ ကရင်နီပြည်လို့ပဲ ခေါ်ပါတယ်။”

ကရင်နီဆိုတာ ကယားလူမျိုးတစ်ခုထဲကို ကိုယ်စားပြု ခေါ်ဆိုထားတာမဟုတ်ဘဲ ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ကယား၊ ကယော၊ ကယန်းနဲ့ ပကူးစတဲ့ လူမျိုးစုတွေအားလုံးကို ကိုယ်စားပြုပြီး ခေါ်ဆိုအသုံးပြုထားခဲ့ကြတာပါ။

“ကျနော်တို့တတွေဟာ ကရင်နီ အမျိုးသား အတူတူပါပဲ ဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ ပထမဆုံး ခံယူပြီးတော့ ကျနော်တို့ ညီညွတ်တဲ့ စိတ်ဓါတ်နဲ့ ကျနော်တို့ချီတက်သွားရင်တော့ ကွဲတဲ့လမ်းကြောင်းကို မသွားတော့ပါဘူး။ ညီညွတ်တဲ့ အမျိုးသားအင်အား လမ်းကြောင်းကိုပဲ သွားမယ်လို့ ဦးလေးအနေနဲ့ အဲလိုပဲယုံကြည်ပါတယ်… ကရင်နီဟာ ကယားပဲ ငါတို့နဲ့ မဆိုင်ဘူး ဆိုတဲ့ အဲလိုစိတ်ဓါတ်မျိုးဟာ ကျနော်တို့ဘယ်တော့မှ ညီညွတ်ရမယ် မဟုတ်ဘူး။ အဲဒါကြောင့် ခုနပြောသလို ကိုယ့်သမိုင်းကြောင်း အမှန်ကိုသိပါ သမိုင်းကြောင်းအမှန်ကိုသိပြီး နောက်မှ ကျနော်တို့က အမျိုးသားတရပ်လုံးဟာ ကယား၊ ကယန်း၊ ကယော မျိုးနွယ်စုတွေ အားလုံးတွေဟာ ဘာနဲ့တူလဲဆိုတော့ အဖြူရောင်ပန်း၊ အဝါရောင်ပန်း၊ ပန်းမျိုးစုံ ပွင့်နေတဲ့ အင်မတန်မှ လှပနေတဲ့ ပန်းလေးပါ။ ကျနော်တို့တွေဟာ ပန်းတစ်ရုံထဲပါပဲဆိုတဲ့ ခံယူချက်မျိုးနဲ့ တည်ဆောက်လိုက်မယ်ဆိုရင်တော့ ခုနကျနော်တို့ပြောနေတဲ့ ကွဲပြားခြင်းဟာ လုံးဝပျောက်သွားပြီးတော့မှ ကရင်နီအမျိုးသား စိတ်ဓါတ်ကို တည်ဆောက်နိုင်မှာ ဖြစ်တယ်” လို့ ခွန်းမားရ်ကိုဘန်က ရှင်းပြသွားပါတယ်။

www.ktimes.org မှ ကူးယူတင်ပြထားသည်။

 
Powered by Blogger