Twitter Delicious Facebook Digg Stumbleupon Favorites More

20 October, 2007

လွတ်လပ်စွာ ပျံသန်းချင်တဲ့ ငှက်ကလေးတွေ

အာက်တိုဘာလ ၁၂ ရက်၊ ၂၀၀၇ ခုနှစ်။

ထိုင်းနိုင်ငံ အနောက်မြောက်ဘက်မှာ ရှိတဲ့ မယ်ဟောင်ဆောင်မြို့ရဲ့ ကျေးလက်ဒေသဘက်မှာ စစ်ပြေးဒုက္ခသည်များ အဖြစ် ထွက်ပြေးရောက်ရှိ လာကြတဲ့ ကြေးကွင်းပါတ် ကယန်းမိသားစုတို့မှ မွေးဖွားလာခဲ့ကြတဲ့ တက်သစ်စ အမျိုးသမီးငယ် လေးတွေဟာ သူတို့လေးတွေ ချစ်နှစ်သက်တဲ့ ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ဆက်လက် ထိန်းသိမ်းသွားနိုင်ဖို့ ခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

ထိုအခက်အခဲတွေကြောင့် အမျိုးသမီးငယ် တော်တော်များများဟာ သူတို့တတွေရဲ့ ယဉ်ကျေးမှုကို အဓိက ကိုယ်စားပြုတဲ့ ကြေးကွင်းတွေကို ဖြုတ်ပစ် လိုက်ရတာကို တွေ့ရှိရပါတယ်။ ကြေးကွင်းတွေကို တပ်ထားခြင်းကြောင့် ရသင့်ရထိုက်၊ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေကြရတယ်လို့ မကြာသေးခင်က တပ်ထားတဲ့ ကြေးကွင်းများကို ဖြုတ်ပစ်လိုက်ကြတဲ့ အပျိုစင် အမျိုးသမီးတစုက ဆိုပါတယ်။ တပ်ထားတဲ့ ကြေးကွင်းတွေကို သူတို့တတွေ မကြိုက်မနှစ်သက်တော့လို့ ဖြုတ်ပစ်လိုက်ကြတာတော့ မဟုတ်ပါ။ အခြေအနေတခုအရ မဖြုတ်ချင်ဘဲ ဖြုတ်ပစ်လိုက် ကြရတာဖြစ်ပါတယ်။ ကျမက ပြီးခဲ့တဲ့ ၂၀၀၅ခုနှစ်မှာ စဖြုတ်လိုက်ပါတယ်။ ပညာကို ဆက်လက် သင်ယူချင်လို့ပါ။ ဒီဟာတပ်ထားပြီး ပညာသင်ခွင့် ရှိမယ်ဆိုရင် ကျမပြန်ပြီးတပ်မှာပေါ့။လို့ အသက် ၁၈နှစ် အရွယ်ရှိတဲ့ မူဆာက ပြောပြပါတယ်။ ဆက်လက်ပြီးတော့ သူမက စိတ်မကောင်းဘူး၊ ဖြုတ်လိုက်ရတာတဲ့။ မူဆာဟာ ထိုင်း-မြန်မာနယ်စပ်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီမှာ အမြင့်ဆုံးကျောင်းဖြစ်တဲ့ ဆယ်တန်းလွန် ကျောင်းမှာ လက်ရှိ ပညာသင်ယူနေသူ ဖြစ်ပါတယ်။ ကြေးကွင်းတွေကို တပ်ထားတဲ့အတွက် ရွာပြင်ထွက်လို့ မရဘူး။ လွတ်လပ်ခွင့်လည်း မရှိဘူး။ အခြေခံအခွင့်အရေးတွေ မရှိဘူးလေ။ အဓိကတော့ ပညာကို လွတ်လွတ်လပ်လပ် ဆက်လက်သင်ယူချင်လို့ ဖြုတ်လိုက်တယ်လို့ အထက်တန်းကျောင်းမှာ ပညာဆက်လက် သင်ယူနေတဲ့ အသက် ၁၆နှစ်အရွယ် မူသောင်းက ပြောပြပါတယ်။ ဒီဟာတတ်ထားရင် ကျမတို့ လိုချင်တဲ့ဟာတွေ ဖြစ်မလာနိုင်ဘူး။ ကျမက အခု Leadership (ခေါင်းဆောင်မှု) ကျောင်းမှာ ကျောင်းတက်နေပါတယ်။ အကယ်၍ ကျမ ဒီဟာတွေကို တပ်ပြီးတက်ရင် သူတို့(အာဏာပိုင်) ဘယ်ပေးတက်မလဲ။လို့ အသက် ၂၂နှစ် အရွယ်ရှိတဲ့ မူယောက ပြောပါတယ်။ ကျမဖြစ်ချင်တာက ကျောင်းဆက်တက်မယ်၊ ကျောင်းပြီးသွားရင် အခု ကျမသင်ယူနေတဲ့ ဖက်ဒရယ် အကြောင်းကို ကျမတို့ လူတွေကို ပြန်လည်သင်ပေးမယ်။ ကျမရဲ့ ၀ါသနာက အဲတာဘဲလို့ မူယောက ဆက်လက် ရှင်းပြပါတယ်။ မူယောဟာ သူမတပ်ထားတဲ့ ကြေးကွင်းတွေကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၀၀၇ ခုနှစ်မှာ စတင် ဖြုတ်ပစ်လိုက်တာပါ။ ယခုလို ကြေးကွင်းများအား ဖြုတ်ပစ်သူ အမျိုးသမီးငယ် အများစုဟာ အလယ်တန်းကျောင်း အောင်မြင် ပြီးဆုံးသွားသူများ ဖြစ်ကြပါတယ်။ အလည်တန်း ပြီးဆုံးသွားသူများအတွက် ကယန်း ကျေးရွာများရဲ့ အပြင်ဘက်မှာ ဖွင့်လှစ်လျှက်ရှိတဲ့ ကရင်နီ အထက်တန်းကျောင်းများ၌ ဆက်လက် သင်ယူကြရပါတယ်။ ယခုအခါ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်တွေမှာ ပညာသင်ယူ နေဆဲရှိတဲ့ ကြေးကွင်းတပ် ကယန်း အမျိုးသမီးငယ် အချို့တို့ဟာလည်း ၎င်းတို့ရဲ့ မိဘများက ပညာဆက်လက် သင်ယူစေလိုတဲ့အတွက် တပ်ထားတဲ့ ကြေးကွင်းများကို ကြိုတင် ဖြုတ်ပေးထားသူများလည်း ရှိနေကြပါတယ်။ ပညာရေးပိုင်းဆိုင်ရာ ဘက်ကို လိုက်မယ်ဆိုရင်တော့ ဖြုတ်လိုက်တာ ပိုကောင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မဖြုတ်ဘဲနဲ့ ဆက်တက်လို့မှ မရတာ။ အပြင်ဘက်မှာ ဆက်လက် ပညာရှာရင်လဲ လွတ်လွတ်လပ်လပ်မှ ရှာလို့မရတာ။ ဒါကြောင့် သူ့ကို ကျနော်တို့ ကြိုတင်ပြီးတော့ ဖြုတ်ထားပေးတယ်။လို့ အသက် ၁၄နှစ် အရွယ်ရှိတဲ့ ညီမလေး မူပန်းရဲ့ ကြေးကွင်းများကို ကြိုတင်ဖြုတ်ပေး ထားရခြင်း၏ အကြောင်းအရင်းကို အစ်ကိုဖြစ်သူ မောင်ထန်က ပြောပြသွားတာ ဖြစ်ပါတယ်။ ၎င်းကကြီးလာတဲ့အချိန်မှ ဟိုကြုံလာတဲ့အချိန်မှဘဲ ဖြုတ်ပေးရင် သူ့အတွက် နေရ၊ ထိုင်ရ ပိုခက်သွားမယ်လို့ ထင်တဲ့အတွက် ဖြုတ်ထားပေးတာ ဖြစ်တယ်လို့ ဆက်လက် ရှင်းပြပါတယ်။ မယ်ဟောင်ဆောင်မြို့နှင့် မနီးမဝေးမှာ ရှိနေတဲ့ ကြေးကွင်းတပ် ကယန်းရွာသုံးရွာကို သွားရောက် အင်တာဗျူး လုပ်ထားချက်အရ ကြေးကွင်းများ ဖြုတ်လိုက်တဲ့ အမျိုးသမီး ၁၀ဦးထက်မနည်း ရှိနေကြောင်း သိရှိရပါတယ်။ ဖြုတ်လိုက်ရတဲ့ အဓိက အကြောင်းအရင်းကတော့ တပါးနိုင်ငံရဲ့ ထိန်းချုပ်မှု အောက်မှာ ကြေးကွင်းတွေ တပ်ထားပြီး ပညာကို ဆက်လက်သင်ယူနိုင်ခွင့် မရှိတဲ့ အဖြစ်ကနေ လွတ်မြောက်နိုင်ဖို့ဘဲ ဖြစ်တယ်လို့ အများစုက ဆိုပါတယ်။ အချို့အမျိုးသမီးများမှာ သူမတို့၏ လုံခြုံရေးအတွက် အင်တာဗျူး အလုပ်မခံဖို့ တောင်းဆို ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ယခုလို ကြေးကွင်းတွေကို ဖြုတ်လိုက်တဲ့ အမျိုးသမီးများကို ဒေသခံ အာဏာပိုင်တွေနှင့် ဆက်စပ်မှု ရှိနေတဲ့ သူတို့က ခြိမ်းခြောက်မှုများ ပြုလုပ်လျှက်ရှိတယ်လို့ ဆိုပါတယ်။ ကြေးဖြုတ်ပြီး အတင်းပြန်တပ်ခိုင်းခြင်း ခံရသူများလည်း ရှိတယ်လို့ သိရပါတယ်။ပထမတခါ ကျမထုတ်လိုက်တယ်၊ ကျမတို့ရွာမှာ တာဝန်ယူနေတဲ့ (ထိုင်း) မိန်းမကြီးက ပြန်တပ်ခိုင်းတယ်။ ကျမပြန်တပ်တယ်၊ မတပ်ချင်ဘဲ နောက်ထပ်တခါ ထပ်ထုတ်လိုက်တယ်။ နောက်ကျမကို သူတို့ ခေါ်တွေ့တယ်။ ပြန်တပ်ပါတဲ့ မတတ်လို့ရှိရင် နင်ဒီရွာကနေ ထွက်ရမယ်လို့ ပြောတယ်။ ကျမမိဘတွေလဲ ကျမအဲလို ဖြုတ်လိုက်တာကို မကြိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ကျမကို မဆုံးရှုံးချင်ဘူးလေ၊ သူတို့ ကျမကိုချစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျမ ဖြုတ်လိုက်ရင် မိဘနဲ့လဲခွဲရမှာ ဖြစ်တယ်။ ဒါကြောင့် ကျမကို ၁၀ရက်စဉ်းစားဖို့ အချိန်ပေးပါလို့ တောင်းခံခဲ့တယ်။ ဒါပေမဲ့ ကျမ ထုတ်လိုက်ပါတယ်။လို့ အသက် ၂၃နှစ် အရွယ်ရှိတဲ့ မူမူက ရှင်းပြပါတယ်။ ကယန်းသာယာရွာ၊ ဟွေ့စူထောက်ရွာနဲ့ ဟွေ့ပူးကဲရွာဆိုတဲ့ ကြေးကွင်းပါတ် ကယန်းရွာသုံးရွာဟာ မယ်ဟောင်ဆောင်မြို့နဲ့ မနီးမဝေးမှာပါ။ ကီလိုမီတာအားဖြင့် မယ်ဟောင်ဆောင်မြို့ကနေ တရွာကို ၁၀ကီလိုမီတာ လောက်သာ ကွာဝေးပါတယ်။ မြန်မာနယ်စပ်နဲ့လည်း နီးပါတယ်။ ကယန်းသာယာရွာဆိုရင် ကရင်နီဒုက္ခသည် အမှတ်- စခန်းနဲ့ နီးပါတယ်။ ဟွေ့စူထောက်က ထိုင်းနယ်စပ် ရွာလေးတရွာပါ။ ကြေးကွင်းပါတ် ကယန်းအချို့က သူတို့ရဲ့ရွာ နံဘေးမှာ လာကပ်နေတဲ့ အတွက် ဟွေ့စူထောက် လို့ နာမည်တွင် သွားခြင်း ဖြစ်ပါတယ်။ ဟွေ့ပူးကဲကတော့ ထိုင်း-မြန်မာ နယ်စပ်အမှတ်-၁၀ ရဲ့ဘက်မှာပါ။ အလည်သွားချင်သပါ့ ဆိုလျှင်လည်း မယ်ဟောင်ဆောင် ကနေ ကားသို့မဟုတ် ဆိုင်ကယ်လေးတွေကို ငှားပြီး နေ့ချင်းပြန် သွားလည်လို့ ရပါတယ်။ အဲဒီရွာသုံးရွာမှာ ကယန်းမိသားစုဝင်ပေါင်း ၆၀၀ ၀န်းကျင်လောက် ရှိပါတယ်။ အချို့ ကယန်းတွေ ကတော့ ထိုရွာလေးတွေမှာ နေထိုင်လာကြတာ နှစ်ပေါင်း ၂၀ ၀န်းကျင် လောက်တောင် ရှိသွားကြပါပြီ။ အများစုမှာတော့ ပြီးခဲ့တဲ့ ၁၉၉၅ခုနှစ် နောက်ပိုင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)နှင့် မြန်မာစစ်အစိုးရတို့၏ အပစ်ခတ်ရပ်စဲရေး ပျက်ပျယ်သွားပြီးသည့် နောက်ပိုင်းမှ ထွက်ပြေး ရောက်ရှိ လာခဲ့ကြပါတယ်။ ကြေးကွင်းတပ် ကယန်းလူမျိုးတို့မှာ အခြားတိုင်းရင်းသားတွေထက် တမူထူးခြားတဲ့ ယဉ်ကျေးမှု အဆင်အယင် တွေကြောင့် ထိုင်းဒေသခံ အာဏာပိုင်တွေက နယ်စပ်ဒုက္ခသည် စခန်းထဲမှာ မထားဘဲ စခန်းရဲ့ အပြင်ဘက်မှာ နေထိုင်ခိုင်းကြပါတယ်။ ဒုက္ခသည်စခန်းရဲ့ အပြင်ဘက်မှာ နေရတယ်ဆိုပေမဲ့ ကြေးကွင်းတပ်ထားတဲ့ အမျိုးသမီးတွေဟာ ရွာရဲ့အပြင်ဘက်ကို လွတ်လွတ်လပ်လပ် သွားလာခွင့် မရှိဘဲ သူတို့ရဲ့အိမ်နဲ့ ရွာထဲမှာဘဲ နေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ရှိသွားခဲ့ကြပါပြီ။ သူတို့တတွေရဲ့ နေ့စဉ်အလုပ်ဟာ နေအိမ်ရှေ့က ဆိုင်ခန်းပမာ ထိုးထားတဲ့ တဲငယ်အောက်မှာ ထိုင်ပြီး ကိုယ်ပေါ်၌ ဆင်ယင်ထားတဲ့ ယဉ်ကျေးမှု အလှအပများကို အလည်လာတဲ့ နိုင်ငံခြားသားနဲ့ ဧည့်သည်များကို ပြသရတဲ့ အလုပ်ပဲဖြစ်ပါတယ်။ ဧည့်သည်ပါးတဲ့ ရက်တွေမှာတော့ လွယ်အိပ်နဲ့ မျက်နှာသုတ်ပ၀ါတွေကို အပိုအလျှံဝင်ငွေ အတွက် ယက်လုပ်ပြီး ရောင်းချရပါတယ်။ ၎င်းတို့ရဲ့ ခင်ပွန်းသည်များဟာလည်း ရွာအပြင်ဘက်ထွက်၍ ထိုင်းမြို့၊ ရွာတွေမှာ ၀င်ငွေရဖို့ အလုပ် သွားလုပ်ပိုင်ခွင့် မရှိကြတဲ့အတွက် ရွာမှာနေ၍ ယဉ်ကျေးမှု အသုံးအဆောင်များ ဖြစ်ကြတဲ့ ဓါးလွယ်၊ လက်စွပ်၊ လက်ကောက်လေး တွေကို ထုထစ်၍ နိုင်ငံခြားသားတွေကို ရောင်းချပေးနေရပါတယ်။ ဒေသခံအာဏာပိုင်တွေက သူတို့ကို ဆန်၊ဆီ၊ဆား၊ငရုပ် စတဲ့ ရိက္ခာများနှင့်တကွ လစာအဖြစ် ကြေးကွင်းတပ် အမျိုးသမီးတဦးကို တလဘတ်-၁၅၀၀ ထောက်ပံ့ပေးပါတယ်။ သို့သော် ကြေးကွင်းမတပ်သူ အမျိုးသမီးများ၊ ယောက်ျားကလေးငယ်များနဲ့ ၎င်းတို့ရဲ့ ခင်ပွန်းသည်တို့မှာ ထိုထောက်ပံ့ကြေးများကို ခံစားခွင့် မရှိကြပါဘူး။ ကြေးကွင်းတပ်ထားသူ အမျိုးသမီးတွေရဲ့ ပြောပြချက်အရ တလကို ၁၅၀၀ ဘတ် ထောက်ပံ့မှုဟာ မိသားစုဝင် များတဲ့သူတွေ အတွက်မက မိသားစုဝင်နည်းတဲ့ သူတွေအတွက်ပါ လုံလောက်မှု မရှိဘူးလို့ ဆိုကြပါတယ်။ ဟွေ့ပူးကဲရွာဆိုရင် ယခု၂၀၀၇ ခုနှစ် အတွင်း ထောက်ပံကြေး မရတာ ၆လ လောက်ရှိသွားပြီလို့ ရွာသူ/သားများက ပြောပြပါတယ်။ ထိုင်းနိုင်ငံသားများမှအပ နိုင်ငံခြားသားတဦးလျှင် ရွာဝင်ခ ဘတ်၂၅၀ ပေးပြီး ကယန်းအမျိုးသမီးတွေရဲ့ ဆင်ယင်ထားတဲ့ ယဉ်ကျေးမှု အလှအပတွေကို ကြည့်ရပါတယ်။ သို့သော် ထိုဝင်ငွေများကို ထိန်းချုပ်ထားသူများမှာ ဒေသခံ အာဏာပိုင်များ ဖြစ်ကြပါတယ်။ တလ၀င်ငွေ၊ တနှစ်ဝင်ငွေ ဘယ်လောက် ရရှိသလဲဆိုတာကို ကယန်းရွာသူ/သားများ အနေဖြင့် သိရှိခွင့် မရှိဟု ဆိုပါတယ်။ ကြေးကွင်းပါတ်တဲ့ ကယန်း လူမျိုးတွေအတွက် ထောက်ပံ့မှု လုံလုံလောက်လောက် မရရှိကြသော်လည်း ထိုင်းနိုင်ငံ အတွက်တော့ ကယန်းလူမျိုးတွေဟာ အနည်းနဲ့အများ စီးပွားရေး အချက်အချာတခုလို့ ဆိုလျှင် မှားနိုင်လိမ့်မှာ မဟုတ်ပါ။ တနှစ်ကို ကမ္ဘာတ၀ှမ်းမှ နိုင်ငံခြားသား ဧည့်သည်ပေါင်း အနည်းဆုံး တသိန်းလောက်ဟာ လေယာဉ်၊ ကား၊ ရထား၊ စက်လှေနှင့် ဆင်တို့ကို စီးပြီး လာရောက် လည်ပါတ်ကြည့်ရှု ကြပါတယ်။ ယခုလို နိုင်ငံခြားဧည့်သည် များများ လာလည်တဲ့ အတွက်ကြောင့် ထိုင်းနိုင်ငံမှာရှိတဲ့ တည်းခိုခန်း၊ ဟော်တယ်၊ စားသောက်ဆိုင်တွေနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် အဆင်ပြေစေပါတယ်။ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးကို အဓိက အစိတ်အပိုင်းတခုအနေနဲ့ အောင်မြင်မှုများ ပေးနေတဲ့ ထိုကြေးကွင်းပါတ် ကယန်းရွာလေးတွေကို နိုင်ငံခြားသားအချို့က ဟယူးမဲန်ဇူးလူတိရစ္ဆာန်ရုံလို့ တင်စားခေါ်ဝေါ် ကြပါတယ်။ ထိုကဲ့သို့ တင်စား ခေါ်ဝေါ်မှုမျိုးကို မျက်နှာငယ်ခံရတဲ့ သူတွေကတော့ ကယန်း လူမျိုးများသာ ဖြစ်ကြပါတယ်။ ကြေးကွင်းပါတ် ကယန်းလူမျိုးတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုကို လှပပြီး ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုလို့ ခံယူပြီး နှစ်သက်ကြပါတယ်။ ဒါကြောင့် သူတို့ကို တိရစ္ဆာန်ရုံနဲ့ နှိုင်းပြီးတင်စားတာကို သူတို့ခမျာ ၀မ်းနည်းမိကြပါတယ်။ ဒါပေမဲ့ ကိုယ့်တိုင်းကိုယ့်ပြည်မှာ မဟုတ်ဘဲ တိုင်းတပါးမှာ ခိုလှုံနေရတဲ့အတွက် တိတ်တိတ်ကလေးဘဲ အနှစ်နာခံ နေကြရပါတယ်။နိုင်ငံခြားသားအချို့ ကတော့ ပြောတာတွေရှိတယ်၊ ကျမတို့ဟာ တိရစ္ဆာန်ရုံနဲ့ တူတယ်လို့ ပြောတယ်၊ ဒါပေမဲ့ အဲလိုခေါ်တာ ကျမ ခံစားရမပျော်ဘူး။လို့ မူမူက ပြောပါတယ်။ ဆက်လက်၍ သူမက ကျမတို့ ဘ၀က အမြဲတမ်းဘဲ တိတ်တိတ်ကလေး နေရပါတယ်။ အမြဲတမ်း သည်းခံပြီး နေရပါတယ်။ အဲဒီဘ၀ကို ကျမ မလိုလားဘူး။ ကယန်းလူမျိုးတွေ ကြေးကွင်းတပ်တာဟာ ၀င်ငွေများ ရဖို့အတွက် အဓိက တပ်နေတာ မဟုတ်ပါ။ ရိုးရာယဉ်ကျေးမှု အစဉ်အလာတခုကို ထိန်းသိမ်းဖို့ အတွက် တပ်ကြတာ ဖြစ်ပါတယ်။ ကြေးကွင်းတွေကို ၅နှစ် ကလေးအရွယ်ကနေ စတင် တပ်ရပါတယ်။ ၅နှစ် အရွယ် အမျိုးသမီးကလေးများ အနေနဲ့ ကြေးကွင်းတွေကို မဖြစ်မနေ တပ်ရမယ်ဆိုတဲ့ အစဉ်အလာလည်း ကယန်းတို့မှာ မရှိလို့ ဆိုကြပါတယ်။ တပ်၊မတပ် ဆိုတာဟာလည်း ကလေးတို့ရဲ့ သဘောထားကသာ အဓိက ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ကျမက လှလို့ တပ်တာဖြစ်တယ်၊ ကျမတို့ရဲ့ အမေတွေ တပ်ထားတာကြည့်တော့ လှတယ်။ဟု မူသောင်းက ပြောပြပါတယ်။ မူသောင်းဟာ သူမအသက် ၇နှစ်အရွယ် ကတည်းက ကြေးကွင်းတွေကို စတပ်ခဲ့တာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂၀၀၅ခုနှစ်မှာ ပညာ ဆက်လက် သင်ယူဖို့အတွက် ဖြုတ်လိုက်ရခြင်း ဖြစ်ပါတယ်။ ယခုလက်ရှိ ဖြစ်ပျက်နေတဲ့ အနေအထားအရ ကယန်းသာယာရွာ၊ ဟွေ့စူထောက် ရွာနဲ့ ဟွေ့ပူးကဲရွာတို့မှာ ကြီးပြင်းလာကြတဲ့ အပျိုစင် ပညာတတ်လေးတွေ အနေနဲ့ အခုလို ကြေးကွင်းတွေ ဖြုတ်ပစ်လိုက်တာမျိုးကြောင့် နောက်တက်လာတဲ့ ညီမငယ်တွေလဲ အတုမယူလာနိုင်ဘူးလို့ ဘယ်သူကမှ အတတ်ပြောနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခြေအနေတခုက တင်းကြပ်နေတော့လည်း ဖြစ်သင့်တာ ဖြစ်ရမှာဘဲ ဖြစ်ပါတယ်။ကျမကို သူတို့ ထိန်းချုပ်တာမျိုး ကျမ မလိုချင်ဘူး။ အခု ကျမရွာပြင်မှာ ထွက်နေပြီ၊ အလုပ်လဲရပြီ။ တလဘဲရှိသေးတယ်၊ ဒါပေမဲ့ လုပ်ငန်း အတွေ့အကြုံတော့ မရှိသေးဘူး။ ဒါပေမဲ့ အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားရမှာဘဲလို့ မူမူက ပြောပါတယ်။ ဆက်လက်၍ သူမက အကောင်းဆုံးကတော့ ကိုယ်တပ်ထားတဲ့ ကိုယ့်ရိုးရာ ယဉ်ကျေးမှု ကြေးကွင်းကို ဆက်လက် ထိန်းသိမ်းတာ ပိုကောင်းပါတယ်။ ဒါပေမဲ့ လွတ်လပ်မှု ကလည်းရှိရမယ်

http://www.bnionline.net/bur/index.php?option=com_content&task=view&id=1201&Itemid=47

3 comments:

Anonymous said...

ကိုသာဂေးချိုင်းခင်ဗျား။
ကျနော်လာထပ်လည်ပါတယ်။
ဒီဆောင်းပါးတင်ချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ကျနော်လည်း သုတေသနစာတမ်းမူကြမ်းကို ဒေါက်တာချယမ် ထံ တင်သွင်းထားပါတယ်။ ဒီဆောင်းပါးအတွက်ကျေးဇူးပါ။
ကျနော့် အီးမေးလ်က phonemyint.oo@gmail.com ပါ။ ကိုသာဂေးချိုင်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်ပါတယ်။

ဘုန်းမြင့်ဦး
RCSD,
Faculty of Social Science,
Chiang Mai University,
Chiang Mai.

YeKyawAungMDY said...

hey! Targay Child!! This is Ko Ye. This is first time visit to your blog. This is great that you have a blog to write about your ethnic culture and your personal! Keep it up writting! I will often visit to your blog. Good day!!

SRS said...

Thanks a lot for your visit and comments for the blog.

 
Powered by Blogger