ကန္တာရဝတီတိုင်း(မ်)/မေ ၃၀၊ ၂ဝဝ၉ ကရင်နီပြည်နယ် လွိုင်ကော်မြို့ အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော ကယန်းလူငယ်ခေါင်းဆောင် တစ်ဦးဖြစ်သည့် ကေကောရီယိုသည် အဆုတ်အတွင်းသို့ ရေဝင်သည့် ရောဂါခံစားနေရပါသော်လည်း ပြင်ပဆေးရုံသို့ ဆေးကုသခွင့်မရရှိပဲ ကျန်းမာရေးဆိုးရွားစွာ ခံစားနေရပါသည်။ ယခုလို အဆုတ်အတွင်းသို့ ရေဝင်သွားရခြင်းနှင့် ပတ်သက်ပြီး စစ်ကြောရေးစခန်းသို့ ရောက်သည့်အချိန်က ကိုယ်တိုင်တွေ့မြင်ခဲ့ရသူ တစ်ဦးက “စစ်ကြောရေး စခန်းရောက်တုံးက စရမယ်လို့ ထင်တယ်လေ။ ဘာလို့လဲ ဆိုတော့ စစ်ကြောရေးစခန်းမှာ ဦးခေါင်းကို ကြပ်ကျွတ်အိတ်နဲ့ စွပ်ပြီး အသက်ရှူလို့ မရအောင် ကြပ်ကျွတ်အိတ်ထဲ ရေထည့်တယ်လေ၊ အဲလိုလုပ်တော့ အသက်ရှူ လမ်းကြောင်းကနေတဆင့် ရေဝင်သွားနိုင်တယ်လို့ ယူဆတယ်” ဟုပြောသွားပါသည်။ ပြီးခဲ့သည့် ၂၁ ရက်နေ့တွင် ထောင်ဆေးခန်းတွင် ကုသခဲ့သော်လည်း ရောဂါသက်သာမှုမရှိသည့်အတွက် ပြင်ပ ဆေးရုံသို့ သွားရောက်ကုသရန် တောင်းဆိုရာ ကုသခွင့်မရရှိပဲ အကျဉ်းကျခံနေရသော ဆရာဝန်တစ်ဦးဖြင့် ထောင်တွင်းမှာသာ အဆုတ်ထဲ ပိုက်သွင်းရေထုတ် ခွဲစိတ်မှုကို ပြုလုပ်ခဲ့ရပါတယ်။ “သိရသလောက် သူမိဘကိုယ်၌က မိသားစု စားဝတ်နေရေးရယ်၊ ငွေရေးကြေးရေးရယ်၊ အခက်ခဲရှိလို့ လာမတွေ့နိုင်ဘူး။ ထောင်နဲ့လည်း ဝေးတယ်လေ” ဟု အမည်မဖော်လို့သည့် သူငယ်ချင်းတစ်ဦးက ပြောသွားပါသည်။ ထိုကြောင့် နီးစပ်ရာ သူငယ်ချင်းများ ၏ မိဘဆွေးမျိုးမှ ပြင်ပသို့ ဆေးကုသရန် ထောင်ဝင်စာ တောင်းခံသော်လည်း ထောင်အာဏာပိုင်များက ထောင်ဝင်စာကြေး အဆမတန်တောင်းခံပြီး မပေးနိုင်သည့်အတွက် ယခုအချိန်ထိ ပြင်ပဆေးခန်းသို့ ဆေးကုသခွင့်မရရှိပဲ ဖြစ်နေပါသည်။ ပြီးခဲ့သည့် ၂ဝဝ၈ မေလတွင် ကျင်းပပြုလုပ်ခဲ့သော စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း အတည်ပြုရေး လူထုဆန္ဒခံယူပွဲမတိုင်ခင် ဆန္ဒခံယူပွဲကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပေါ်ပေါက်ရန် စည်းရုံးလှုံ့ဆော်မှုများကြောင့် ကယန်းလူငယ်ခေါင်းဆောင်သုံးဦးအား ကယားပြည်နယ် လွိုင်ကော်ထောင်တွင် ဖမ်းဆီးအကျဉ်းချထားခြင်းဖြစ်သည်။ တရားမဝင် အသင်းဖွဲ့စည်းမှု၊ ပြည်ပရှိ တရားမဝင်သော အသင်းများနှင့် ဆက်သွယ်မှု၊ နိုင်ငံတော် ပုန်ကန်မှုစသည့် အမှုများဖြင့် ခွန်ဘီးဒူ (ခေါ်) လွီးဇီငြိမ်၊ ကေကောရီယိုနှင့် ဒီးဒီတို့ကို စွဲချက်တင်ပြီး ထောင်ဒဏ် (၃၇)နှစ် ချမှတ်လိုက်သည်။ ထိုလူငယ် (၃) ဦးသည် ကယားပြည်နယ် လူငယ်များအဖွဲ့ (ကေအစ်ဝိုင်)နှင့် ကယန်းမျိုးဆက်သစ် လူငယ်များအဖွဲ့ (ကေအဲန်ဂျီဝိုင်) မှ ခေါင်းဆောင်များ ဖြစ်ကြသည်။


3:25 PM
SRS
0 comments:
Post a Comment