Twitter Delicious Facebook Digg Stumbleupon Favorites More

01 June, 2009

စစ်တပ်မှ တောင်ယာစိုက်ပျိုးခွင့်မပေး၊ ရွာသားများအခက်ကြုံ

ကန္တာရဝတီတိုင်း(မ်)/မေ ၃ဝ၊ ၂ဝဝ၉ ကယန်းလူမျိုးများ အများအားဖြင့် နေထိုင်လေ့ရှိသော ဖယ်ခုံမြို့နယ် လန်းကောကျေးရွာတွင် ကျေးရွာသူရွာသားများ၏ တောင်ယာစိုက်ခင်းများကို ဖျက်ဆီးကာ နှစ်ရှည် လက်ဖက်ပင်များ စိုက်ပျိုးခိုင်းသည့်အတွက် စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောပါသည်။ မြန်မာစစ်အစိုးရတပ်ရင်း ခလရ ၆ဝ၆ သည် ယခုလ ၃ ရက်နေ့က ထိုဒေသသို့ ရောက်ရှိလာပြီး စိုက်ပျိုးထားသော တောင်ယာစိုက်ခင်းထဲမှ စပါး၊ ပြောင်း၊ ဖရုံ၊ ပဲ၊ သခွါးစသည့် အသီးအနှံများကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ “မင်းတို့ ဘာလို့စိုက်ရလဲဆိုပြီး ရှိသမျှအပင်တွေကို နှုတ်ပြစ်လိုက်တယ်၊ ဖျက်စီးလိုက်တယ်” ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြန်လည်ပြောပြသည်။ ထိုသို့ ဖျက်ဆီးလိုက်သည့် အကြောင်းရင်းမှာ မြန်မာစစ်အစိုးရမှ တောင်ယာမခုတ်ရ ထုတ်ပြန်မိန့်ကို မနာခံသည့်အတွက်ဖြစ်ပြီး ရွာသူရွာသားတို့၏ တောင်ပန်မှုများကိုလည်း လက်ခံခြင်းမရှိကြောင်း ဆိုသည်။ ၄င်းဒေသဘက်တွင် များသောအားဖြင့် တောင်ယာ စိုက်ပျိုးကြပြီး တောင်ယာ လုပ်ငန်းသာလျှင် မိသားစု စားဝတ်နေရေး၊ ကလေးများ ပညာသင်ကြားနိုင်ရေးနှင့် မိသားစု ကျန်းမာရေးပြဿနာ ဖြေရှင်းသည့်အခါတွင် တောင်ယာထွက် အသီးအနှံများအပေါ် မှီခိုနေရသည်။ မြန်မာစစ်အစိုးရများမှ ဖျက်ဆီးလိုက်သော တောင်ယာခင်းများအစား နှစ်ရှည် လက်ဖက်ပင်များကို စိုက်ပျိုးခိုင်ပြီး လက်ဖက်မျိုးစေ့များကို တတင်းလျှင် ကျပ် ၅ဝဝဝ နှုန်း မဖြစ်မနေ ဝယ်ယူကြရမည်ဟု အမိန့်ထုတ်ထားကြောင်း သိရှိရပါသည်။ ၂ဝဝ၈ ခုနှစ် မတ်လတွင် နေပြည်တော်မှ ချမှတ်ထားသော အမိန့်အရ နေပြည်တော် အနီးတဝိုက်ရှိ ကျေးရွာစုစုပေါင်း ၃ဝ ကျော်ခန့်ကို တောင်ယာမခုတ်ရအမိန့် ထုတ်ပြန်ထားခဲ့သည်။ ကယန်းလူငယ် အမျိုးသားတစ်ဦးမှ “အရင်းတုံးက ပျဉ်းမနားမြို့နယ်မှာပေါ့။ အခုက ပျဉ်းမနားမြို့နယ်နဲ့ နီးစပ်ရာ ဖယ်ခုံမြို့နယ် တရွာစလာပြီးအခုလိုဖျက်ဆီးလို့ သက်ဆိုင်ရာ ရွားသားတွေ အပါဝင် တိုင်းရင်းသားအဖွဲ့ တုံ့ပြန်မှု တစုံတရာ မလုပ်နိုင်ခဲ့ရင် တရွားပြီးတရွာ ကူးသွားတော့မယ်” ဟုပြောသည်။ လန်းကော ရွာသူရွာသားများသည် ယခင်နှစ်များတို့ထက် မိမိတို့၏ ဝမ်းစာအတွက် တုန်လှုပ် နေ၍ စားဝတ်နေရေးအခက်အခဲ ကြုံရမှာဖြစ်ကြောင်းလည်း ရွာသားတဦးက ဆိုပါသည်။ “ဖျက်ဆီးသွားတဲ့ တောင်ယာတွေက နောက်နှစ်အတွက်ဖြစ်တယ်။ အခုချက်ခြင်းတော့ ငတ်ပြတ်မှုမဖြစ်နိုင်သေးပေမယ့် နောက်တနှစ်ဆိုရင်တော့ ဒေသခံ တောင်ယာလုပ်သား လူထုတွေအနေနဲ့ ငတ်ပြတ်နိုင်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။ တောင်ယာခုတ်ခွင့် မရှိသည့်အပြင် ပြည်သူများ ဆုံးရှုံးသွားသော တောင်ယာများအတွက် နှစ်နာကြေး မရရှိကြောင်း သိရသည်။ လန်းကော ကျေးရွာသည် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းတွင် တည်ရှိပြီး ၂ဝဝဝ ခုနှစ် စစ်တမ်းအရ ကျေးရွာပေါင်း ၁၂၈ ခန့်ရှိပါသည်။

0 comments:

 
Powered by Blogger