Twitter Delicious Facebook Digg Stumbleupon Favorites More

28 September, 2010

သတင်းစီးဆင်းမှု၊ ပြည်ပအခြေစိုက်မီဒီယာများ၏ အနေအထားနှင့် ပြည်သူတို့၏ ပူးပေါင်းပါဝင်ရေး

စေးရယ်စိုး သတင်းသမားတွေဟာ မည်သူ့ကိုမဆို အင်တာဗျူးမလုပ်ခင် ကျနော်/ကျမဟာ ဘယ်သူဖြစ်ပါတယ်၊ ဘယ်ကပါဆိုတဲ့ အစပျိုးစကားလုံးတွေနဲ့ မိတ်ဆက်ပြီးမှ အင်တာဗျူးလုပ်ကြရပါတယ်။ ဒါဟာသတင်းသမားတွေတိုင်းရဲ့ မဖြစ်မနေလိုက်နာ စောင့်ထိမ်းရမဲ့အချက်တွေထဲက ကျင့်ဝတ်တခုဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ပအခြေစိုက် ကရင်နီတိုင်းရင်းသား သတင်းအဖွဲ့တခုဖြစ်တဲ့ ကန္တာရ၀တီတိုင်း(မ်)က သတင်းသမား (ဂျာနယ်လစ်) တွေအနေနဲ့ ထိုကျင့်ဝတ်ကိုစောင့်ထိန်းပြီး မိမိရဲ့ဒေသခံ သတင်းရင်းမြစ်တွေဆီက အချက်အလက်တွေ ဆက်သွယ်ရယူတဲ့ အခါမှာဖြစ်စေ၊ ဒေသခံကျေးရွာတွေဆီကို ကိုယ်ချင်းတွေ့ သွားရောက် အင်တာဗျူးလုပ်တဲ့ အခါမှာဖြစ်စေ မိမိဟာ ကေတီသတင်းဌာနက ဂျာနယ်လစ်ပါလို့ မိတ်ဆက်စကား အစပျိုးလိုက်တိုင်း “နိုင်ငံရေးသမား”လို့ ရှုမြင်ခြင်းခံရတဲ့ကိစ္စက ဂျာနယ်လစ်နဲ့ ဒေသခံ သတင်းရင်းမြစ်တွေအကြား အဆက်အသွယ်ဖြတ်ခံရတာတို့ လူမှုဆက်ဆံရေးတွေ ကျဲလာတာတို့ မကြာခဏဆိုသလို ဖြစ်ပေါ်နေတတ်ပါတယ်။ ကရင်နီပြည်မှာရှိတဲ့ သာမာန် ဒေသခံလယ်သမားမပြောနဲ့ ဘွဲ့ရပညာတတ်တွေ ဖြစ်တဲ့ ကျောင်းဆရာ၊ ဆရာဝန်၊ ဘာသာရေးခေါင်းဆောင်၊ အပစ်ရပ် လက်နက်ကိုင်ခေါင်းဆောင်တွေတောင် ကေတီလို ပြည်ပက ဂျာနယ်လစ်ကို အတိုက်အခံနိုင်ငံရေးသမားလို့ပဲ ရှုမြင်သတ်မှတ်တာကို ကေတီအနေနဲ့ လက်တွေ့ လုပ်ငန်းခွင်မှာ တွေ့ကြုံနေရတာပါ။ ဒီလိုအခြေအနေတွေကြားမှာ ကေတီဂျာနယ်လစ်တွေအနေနဲ့ ကရင်နီပြည်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေနဲ့ ဆက်စပ်ပြီး တရားမျှတမှုမရှိဘဲ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ၊ ဖြစ်ပျက်မှုတွေ၊ ဖြစ်ရပ်မှန် အကြောင်းအရာတွေကို သွယ်ဝိုက်တဲ့ နည်းလမ်းတွေနဲ့ရယူတင်ပြကြရပါတယ်။ ပြည်ပက ဂျာနယ်လစ်တွေကို နိုင်ငံရေးသမားတွေလို့ ယောင်ဝါးဝါး ထင်ကြေးပေးနေကြတဲ့ ကိစ္စဟာ နိုင်ငံတခုရဲ့ နိုင်ငံရေးအုပ်ချုပ်မှုစနစ်နဲ့လည်း သက်ဆိုင်တယ်လို့ ထင်မြင်ယူဆပါတယ်။ အစိုးရပိုင်မီဒီယာနှင့် ဂျာနယ်လစ် မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်နေတဲ့နိုင်ငံမှာ သတင်းမီဒီယာကို အစိုးရကသာ ထိန်းချုပ် ပိုင်ဆိုင်ထားပြီး ပြည်သူလူထုအတွက် ထုတ်လွင့်ပေးနေတဲ့ နေ့စဉ် သတင်းအချက်အလက်တွေဟာ စစ်တပ်ရဲ့လုပ်ရှားမှု မူဝါဒ၊ စစ်အစိုးရရဲ့ ကောင်းမှုလို့ ဗန်းပြထားတဲ့ ကျောင်း၊ လမ်း၊ တံတား၊ အဆာက်အဦ စတာတွေရဲ့ အကြောင်းတွေပဲ ပါရှိပါတယ်။ အစိုးရပိုင်သတင်းစာနဲ့ TV တွေမှာ သတင်း၊ ဆောင်းပါး၊ ခေါင်းကြီး၊ ဝေဖန်သုံးသပ်ချက်တွေ ရေးသား တင်ပြနေတဲ့ စာရေးဆရာနဲ့ ဂျာနယ်လစ်တွေဟာလဲ political reporter အမျိုးအစားကဲ့သို့ပင် စစ်အစိုးရရဲ့မူဝါဒနဲ့ ၀ါဒဖြန့်ချိရေးတွေကိုသာ အဓိကအခြေခံပြီး ဘက်လိုက် ရေးသားတင်ပြကြပါတယ်။ political reporter ဆိုတဲ့ ဂျာနာလစ်အမျိုးအစားဟာ နိုင်ငံရေးသမားတဦးတယောက်အတွက်၊ ပါတီတခုအတွက်၊ အစိုးရအတွက် ၀ါဒဖြန့်ချီရေးသတင်းဆောင်းပါးတွေ ရေးသားတဲ့အတွက် မီဒီယာလောကမှာ အန္တရာယ်ကြီးမားတဲ့ ရီပိုတာအမျိုးအစား တစ်ခုအဖြစ်လည်း သတ်မှတ်ယူဆလို့ရပါတယ်။ အစိုးရကို အားနည်းချက်တွေဖြစ်စေမည့် သတင်းအချက်အလက်တွေ၊ ဥပမာ - စစ်တပ်မှ ရွာသားများကို သူပုန်နှင့်ဆက်စပ်မှုရှိသောကြောင့် ဖမ်းဆီးသတ်ဖြစ်ခြင်း၊ တိုင်းရင်းသူအမျိုးသမီးများအား အတင်းအဓမ္မ စော်ကားခြင်း၊ အတိုက်ခံနိုင်ငံရေးသမားများအား မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ကိုယ့်မြန်မာနိုင်ငံအရေး ထင်မြင်ယူဆချက်တွေ ထုတ်ဖေါ်သော သံဃာတော်တွေကို အတင်းအဓ္ဓမ သင်္ကန်းချွတ်၍ စိတ်မူမမှန်သူများအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးထောင်ချခြင်း စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေတဲ့သတင်းတွေကို အစိုးရပိုင် ရုပ်မြင်သံကြားများနဲ့ သတင်းစာမျက်နှာတွေပေါ်မှာ ထုတ်လွင့်ခြင်းလုံးဝမရှိပါဘူး။ စစ်အစိုးရရဲ့မှားယွင်းမှုတွေ တရားမမျှတမှုတွေကို ထောက်ပြပြီး ပြည်သူတွေရဲ့ အဖြစ်မှန်ခံစားနေကြရတဲ့ အသံတွေ၊ သတင်းအချက်အလက်တွေကို ပြည်ပက မြန်မာနဲ့တိုင်းရင်းသား မီဒီယာတွေကနေ ထုတ်လွင့်ပေးတဲ့အတွက် ပြည်ပကမီဒီယာတွေဟာ မြန်မာပြည်ရဲ့ မကောင်းကြောင်းကို လေလှိုင်းကနေ တိုက်ခိုက်နေတယ်ဆိုတာတွေကို စစ်အစိုးရပိုင် သတင်းမီဒီယာက မကြာခဏ ပြည်သူတွေအကြား ၀ါဒဖြန့်ချိနေသည်ကို ပြည်သူများ သိပြီးသားဖြစ်ပေလိမ့်မည်။ ဒေသခံလူထုကြားသတင်းအမှောင်ချ ခြိမ်းခြောက်ခြင်း ကမ္ဘာပေါ်မှာ သတင်းအမှောင်ချတဲ့ နိုင်ငံများထဲက မြန်မာနိုင်ငံဟာ အဆိုးဝါးဆုံး အဆင့်မှာရှိနေပါတယ်။ ၂၀၀၉ သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းအရ ၁၇၅ နိုင်ငံအနက် မြန်မာနိုင်ငံဟာ လွတ်လပ်ခွင့် အနည်းဆုံးအဖြစ် ၁၇၁ မှာ ချိတ်နေပါတယ်။ မြန်မာအောက်မှာ အီရန်နဲ့ မြောက်ကိုရီးယားလို ဆိုးရွားတဲ့ နိုင်ငံတွေသာ ကျန်ပါတော့တယ်။ အထူးသဖြင့် ကရင်နီပြည်လို လူနည်းစုဖြစ်တဲ့ တိုင်းရင်းသားဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေကို ပြင်ပက မီဒီယာစာနယ်ဇင်းတွေနဲ့ သတင်းအချက်အလက်များ ပေးပို့ခြင်းနှင့် ရယူခြင်းတို့ကို လုံးဝ ပိတ်ပင်တားမြစ်ထားပါတယ်။ ဥပမာပြောရရင် ပြီးခဲ့တဲ့စက်တင်ဘာလက ကရင်နီပြည် ဖရူးဆိုးမြို့နယ်အတွင်းမှာရှိတဲ့ ရွာသားပိုင် နွားများကို စစ်တပ်က မတရားဖမ်းဆီးထိမ်းသိမ်းထားပြီး ငွေကြေးဖြင့်အဆမတန် ပြန်ရွေးခိုင်းတယ် ဆိုတဲ့သတင်းကို ကေတီမှ ရွာသားများနဲ့ဆက်သွယ်ပြီး သတင်းတင်ပြခဲ့တဲ့အတွက် ဖရူးဆိုးမြို့နယ်အတွင်းမှာရှိတဲ့ ရွာများကို ကေတီနှင့် အဆက်အသွယ်လုံးဝ မပြုလုပ်ရန် ခြိမ်းခြောက်ခဲ့ပါတယ်။ ပြီးတဲ့တဲ့ ၂၀၀၈ခုနှစ်က လူထုဆန္ဒခံယူပွဲမှာ ဒေသခံလူငယ်တဦးက မဲမသမာမှု ဖြစ်ပေါ်ခဲ့တဲ့အကြောင်း ကေတီအားသတင်းပေးပို့ ခဲ့တဲ့အတွက် ပြည်ပနိုင်ငံရေးအဖွဲ့အစည်းအား တရားမ၀င်ဆက်သွယ်မှုဖြင့် ထောင်ဒဏ် နှစ် ၃၀ ကျော်ချမှတ်ခံခဲ့ရပါတယ်။ ယခုလို အခြေခံဒေသခံလူထုအကြား ပြည်ပကမီဒီယာများနဲ့ အဆက်အသွယ်ရယူမှုအပေါ် ခြိမ်းခြောက်ပိတ်ပင်ထားတဲ့အတွက် ပြည်ပမီဒီယာများမှ ဆက်သွယ်လာမှုအပေါ် လူထုက ကြောက်လန်နေကြတာကနေ သတင်းမှောင် ကျတဲ့အထိ ဖြစ်လာရပါတယ်။ အစိုးရက ကဏ္ဍပေါင်းစုံပါဝင်တဲ့ မီဒီယာလွတ်လပ်မှုကို ပိတ်ပင်ထားပြီး လူထုကို တစ်ဖက်သတ် အစိုးရပိုင်မီဒီယာတွေနဲ့ ဝါဒဖြန့်ချိနေတဲ့ အတွက်ကြောင့်လည်း ပြည်ပမှမီဒီယာ အခန်းကဏ္ဍကို နားလည်သဘောပေါက်ဖို့ ဟန့်တားမှုတွေ ဖြစ်ပေါ်စေပါတယ်။ ပြင်ပမီဒီယာ၏ အခန်းကဏ္ဍ ပြည်ပက မြန်မာမီဒီယာတွေဟာ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေက ငွေကြေးအထောက်အကူနဲ့ မီဒီယာလုပ်ငန်းကို လည်ပတ်နေရတယ်ဆိုပေမဲ့ ကူညီထောက်ပံ့တဲ့ NGO များ၊ နိုင်ငံရေးအဖွဲ့အစည်းများနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ် စီမံခန့်ခွဲမှု ကင်းရှင်းပါတယ်။ သတင်းရေးသားတင်ပြချက် (reporting process) နဲ့ တည်းဖြတ်ခြင်း (editing process) ကဏ္ဍစတဲ့အပိုင်းတွေမှာ သတင်းဌာနတခုမှာရှိတဲ့ အယ်ဒီတာတို့ကနေပြီး လွတ်လွတ်လပ်လပ် စီမံခန့်ခွဲပြီး တည်းဖြတ်တင်ပြသွားကြပါတယ်။ ယခုလက်ရှိ နိုင်ငံရေးအခြေအနေရ ပြည်တွင်းက အစိုးရပိုင် မီဒီယာကနေ ဝါဒဖြန့်ချိနေတဲ့အပေါ် ပြည်ပအခြေစိုက် မီဒီယာတွေကနေပြီး သတင်းရေးသားဟန် တင်ပြဟန် အမျိုးမျိုးတို့ဖြင့် တန်ပြန်တုံ့ပြန်ရေးသား ဖြန့်ချိနေသည့် အနေအထားကို ထင်သာမြင်သာဖြစ်နေပေမဲ့ ပြင်ပကမီဒီယာတွေဟာ political reporter ကဲ့သို့ ဘယ်နိုင်ငံရေးအဖွဲ့အစည်းအတွက်၊ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းအတွက်ရဲ့ အကျိုးစီးပွားတခုတည်းကို ဦးစားပေးရပ်တည်နေတာကို မတွေ့ရပါဘူး။ ခြုံပြီးပြောရရင် ပြင်ပကမီဒီယာတွေဟာ independent idea ကို သတင်းအဖွဲ့အစည်းအတော်များများက လက်ခံကျင့်သုံးနေကြတာကိုတွေ့ရပါတယ်။ ဥပမာ လန်ဒန်မြို့အခြေစိုက် BBC မြန်မာပိုင်းသတင်းဌာန၊ နော်ဝေးအခြေစိုက် DVB သတင်းဌာန၊ ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်းနဲ့ မဇ္စျိမသတင်းဌာနတွေဟာ မြန်မာနိုင်ငံရဲ့ အဓိက နိုင်ငံရေး ပဋိပက္ခ အကြောင်းအရာတွေကို သတင်း၊ ဆောင်းပါး၊ အမြင်နှင့်ဝေဖန်သုံးသတ်ချက်၊ အယ်ဒီတာ့အာဘော်စတာတွေကို ဘက်လိုက်မှုမရှိဘဲ ရေးသားထုတ်လွင့်တဲ့အတွက် ကမ္ဘာတ၀ှမ်းက မြန်မာတွေအပြင် နိုင်ငံတကာကပါ reliable ယုံကြည်စိတ်ချရတဲ့ သတင်းဌာတွေဖြစ်ပေါ်လာပါတယ်။ ထိုနည်းတူ တိုင်းရင်းသားလူနည်းစုများကို ကိုယ်စားပြုကြတဲ့ ပြည်ပက တိုင်းရင်းသားမီဒီယာတွေမှာလည်း ဂျာနယ်လစ်အသစ်တွေအတွက် အခေါ်ယူသင်တန်းပေးတဲ့အခါ လျှောက်လွာဖောင်တွေထဲမှာ လျှောက်ထားသူဟာ “နိုင်ငံရေးအဖွဲ့အစည်းနှင့် ကင်းရမည်” ဆိုတဲ့အချက်တွေအဓိကပါရှိလာပါတယ်။ ဒါဟာ ဂျာနယ်လစ်တယောက်ဖြစ်လာရင် Independent ဖြစ်ဖို့နဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ကင်းရှင်းဖို့ရှောင်ရှားလာတဲ့နည်းလမ်းတွေဘဲလို့ဆိုရမှာပါ။ ခြုံပြီးပြောရရင် ပြည်ပကမီဒီယာဟာ သတင်းအမှောင်ချခံနေရတဲ့ ဒေသခံတွေရဲ့အသံနဲ့ခံစားချက်တွေကို တထောင့်တနေရာကနေပြီး တခါးဖွင့်ထားပေးသကဲ့သို့ အစိုးရမီဒီယာများမှာ မပါတဲ့ သတင်းအချက်အလက်တွေကို တင်ပြပေးနေပါတယ်။ အစိုးရရဲ့မမှန်မကန်လုပ်ရပ်၊ တရားမျှတမှုမရှိတဲ့လုပ်ရပ်များကို စောင့်ကြည့်သူအဖြစ်လည်း တာဝန်ယူထားတာပါ။ မည်သူမဆိုဂျာနယ်လစ်ဖြစ်နိုင်ပါတယ် သတင်းသမားနဲ့ နိုင်ငံရေးဆက်စပ်မှုပြောတဲ့နေရမှာ မြန်မာမီဒီယာလောကမှာ နိုင်ငံရေးသမားကနေ သတင်းသမားဖြစ်လာတာတို့ သတင်းသမားကနေနိုင်ငံရေးသမား ဖြစ်သွားတာတို့ ရှိခဲ့ဖူးပါတယ်။ အဲဒီအကြောင်း ၀ါရင့်သတင်းဂျာနယ်လစ်တွေ၊ သတင်းစာဆရာတွေရဲ့ ဆွေးနွေးတင်ပြချက်အရ နိုင်ငံရေးသမားတဦးကနေ သတင်းသမားတဦးဖြစ်လာသူဟာ သတင်းသမားဖြစ်နေစဉ် သတင်းသမားရဲ့ကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးပြီး သတင်းသမားရှုထောင့်ကနေ အဖြစ်မှန်ကိုအမှန်အတိုင်း ရေးသားတင်ပြသွားဖို့က ပိုမိုအရေးကြီးတယ်လို့ဖြေရှင်းချက်ပေးကြပါတယ်။ လူသားအားလုံးဟာ ဂျာနယ်လစ်ဖြစ်နိုင်ပါတယ်ဆိုတဲ့ သဘောလည်း သက်ရောက်ပါတယ်။ အရှိကိုအရှိအတိုင်း၊ အမှန်ကိုအမှန်အတိုင်း တင်ပြပြောဆိုတာဟာ သတင်းသမားတွေရဲ့ တာဝန်သာပဲဖြစ်တယ်လို့ ဘောင်ခတ်သတ်မှတ်မထားသင့်တော့ပါဘူး။ ကိုယ်မြင်တာကိုမြင်တဲ့အတိုင်း၊ အမှန်ကိုအမှန်အတိုင်း ပြောဆိုတင်ပြ ဖလှယ်ခြင်းဟာ လူသားအားလုံးတို့ ကျင့်သုံးသင့်တဲ့ တာဝန်ဖြစ်တယ်လို့ကျနော်ယုံကြည်ထားတယ်။

0 comments:

 
Powered by Blogger